Tuesday 7 May 2013

၁၅၀၀ တန် CDMA 800MHz ဖုန်းများ ဟန်းဆက်ရွေးချယ်ဝယ်ယူခွင့်နည်းပါး


တန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းများအတွက် ဟန်းဆက်ရွေးချယ် ၀ယ်ယူအသုံးပြုရာတွင် အခွင့်အရေးနည်းပါးလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ရွေးချယ်စရာနည်းတယ်။ လတ်တလော ဈေးကွက်ထဲမှာတော့ CDMA 800MHz ဖုန်းတွေက Huawei အမှတ်တံဆိပ်တွေပဲ များတယ်” ဟု Mobile Bank မိုဘိုင်းဖုန်းဆိုင်မှ ဦးတင်မောင်လတ်ကပြောသည်။ အဆိုပါ ဖုန်းများအတွက် အသုံးပြုရန်မှာ ZTE အမှတ်တံဆိပ်ဟန်းဆက်များက အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တန်ဖိုးနည်း မိုဘိုင်းဖုန်းများ စတင်ချထားပေးခြင်းကြောင့် ဟန်းဆက်ဈေးနှုန်းများ မြင့်တက်သွားမည်ဟု မချထားပေးခင်ကာလက ရောင်းချသူများက ခန့်မှန်းခဲ့ကြသော်လည်း လက်ရှိတွင် ဈေးနှုန်းမြင့်တက်ခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ “ပစ္စည်းတွေက ဈေးကွက်အထဲမှာ တော်တော်များများ ရှိပါတယ်။ ဈေးနှုန်းမတက်လာနိုင်ပါဘူး” ဟု လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ မဇာခြည်လင်းကပြောသည်။ CDMA 800 MHz ဖုန်းများအတွက် ဟန်းဆက်များမှာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ အဓိက၀င်ရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ CDMA 800MHz ဖုန်းများအတွက် ရည်ရွယ်၍ထုတ်လုပ်ထားသော ဟန်းဆက်များအနက်အချို့မှာ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းနှင့်အသုံးပြု၍ အဆင်မပြေဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း Setting ထဲသို့ဝင်ရောက်ပြင်ဆင်၍ အသုံးပြုရန် လိုအပ်ခြင်းသာဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “ Huawei အမှတ်တံဆိပ်ထဲက ၈၈၁၃ မော်ဒယ်က သုံးလို့မရဘူးလို့ ပြောကြတယ်။ ဒါပေမယ့်မဟုတ်ပါဘူး။ အဲဒီဖုန်းက GSM ရော CDMA ရော နှစ်ကတ်သုံးဆိုတော့ Setting ထဲမှာ CDMA Only ဆိုပြီး ပြင်သုံးရမှာဖြစ်ပါတယ်။ တော်တော်များများကတော့ သုံးလို့ရပါတယ်” ဟု ယုဇနပလာဇာရှိ မိုဘိုင်းဟန်းဆက် ရောင်းဝယ်သူတစ်ဦးက ပြောကြားသည်။ အဆိုပါဖုန်းများအတွက် ဟန်းဆက်များမှာ နှစ်သောင်းကျော်ကျပ်မှ တစ်သိန်းကျော်ကျပ်ဝန်းကျင်ရှိကြောင်း ဦးတင်မောင်လတ်ကပြောသည်။ “ဈေးကွက်ထဲမှာတော့ ဆိုင်တွေက သူ့အချိတ်အဆက်နဲ့သူ ချိတ်ဆက်ထားပြီးသားမို့လို့ ဈေးတက်လာစရာအကြောင်းတော့ မရှိပါဘူး” ဟု ၎င်းကပြောသည်။ ဈေးကွက်အတွင်း GSM ဟန်းဆက်အများစုမှာ စင်ကာပူနိုင်ငံမှ ၀င်ရောက်တတ်သော်လည်း CDMA 800 MHz ဟန်းဆက်အများစုမှာ ၀င်ရောက်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိဈေးနှုန်းများ မြင့်တက်ခြင်းမရှိသော်လည်း တရုတ်ငွေ အတက်အကျဖြစ်ပေါ်ပါက ဈေးနှုန်းလည်း အပြောင်းအလဲအချို့ဖြစ်ပေါ်နိုင်ကြောင်း မဇာခြည်လင်းကဆိုသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းများကို ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ ရောင်းချခဲ့ခြင်းဖြစ်သည်။ လက်ရှိ မိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် အ၀င်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန် မလိုအပ်ပေ။ အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA 800MHz ဖုန်းများကဲ့သို့ တစ်မိနစ်အသုံးပြုခ ၄ ကျပ်ဖြစ်သည်။

ရေးသားသူ -ထွန်းထွန်း                                                        
                                                                                                  မူရင်းလင့်....http://myanmarinternetjournal.com

0 comments:

Post a Comment